Sébastien172 reviews34 followersFollowFollowApril 27, 2025“ကျွန်တော်သိတာက လူဟာ တစ်ခါတစ်ခါ အများကြီး မတွေးသင့်ဘူးဆိုတာဘဲ။ တွေးရင်ဘာဖြစ်တတ်သလဲဆို “သေတတ်တယ်”လို့ ဖြေရမလားပဲ။ အသက်ရှင်လျက်နဲ့ စိတ်က နာမ်ဓါတ်ကင်းမဲ့ပြီး ကုန်းခေါင်ခေါင်မှာရှိတဲ့ သစ်ခြောက်ပင်လို ဖြစ်သွားတတ်တယ်ဆိုတာပဲ။” (စာ - ၂၁)(ဆရာ) အေးမင်းစောရဲ့ အပြာရောင်ခြေအိတ်က ဖတ်ပြီးသွားတဲ့တိုင် တအုံနွေးနွေးနဲ့ ကျန်နေခဲ့တယ်။ သူ့ရဲ့ ရိုးရှင်းပေမယ့် ထိခိုက်နာကျင်စေတဲ့ ဇာတ်လမ်းတွေက ကိုယ့်ကို အမြဲခံစားစေတယ်။ တချို့ဝေဒနာတွေကို သူ့ရဲ့ ဇာတ်ကောင်တွေနဲ့ ထပ်တူခံစားရစေတယ်။ ကိုယ်တိုင်ကလည်း အတွေးများတတ်တာပါမလား မပြောတတ်ဘူး။ ဖတ်ပြီးတဲ့ညက ဇာတ်ကောင်တွေအကြောင်း ပြန်စဉ်းစားလိုက်၊ ဇာတ်လမ်းအကြောင်း ဆက်ပြီးတွေးတောနေလိုက်နဲ့ မနက် ၂ နာရီထိုးတဲ့အထိပါပဲ။“အိမ်ထောင်ရေးဟာ ကျွန်တော်တို့အတွက် ချဉ်းကပ်ဖို့ခက်တဲ့ မြို့ရိုးကြီးတစ်ခုလားပဲ။ သူ့ဆီသွားဖို့ ကြားမှာ ရေအပြည့်ဖြည့်ထားတဲ့ ကျုံးတွေ၊ ယန္တရားနဲ့ စီမံထားတဲ့ အလိုအလျောက်ပစ်ခွင်းတဲ့ မြားစကြာတွေ၊ ဓါးပျံတွေ၊ လှံပျံတွေ အတိပြီးတဲ့ သတ်ကွင်းတစ်ခုကြားမှာ ခံနေလေသလားပဲ။” (စာ - ၇၉)အိမ်ထောင်ကွဲမိသားစုတွေမှာ ရှိတတ်တဲ့ သားသမီးတွေရဲ့ စိတ်ဒဏ်ရာ၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အိမ်ထောင်ရေးအပေါ် ခံစားသက်ဝင်မှု၊ သူတို့ချစ်ခင်စုံမက်သူတွေအပေါ် တုန့်ပြန်မှု၊ မိဘတွေဘက်ကလည်း လုပ်ခဲ့မိလို့ နာကျင်ရတဲ့နောင်တ၊ မလုပ်ဖြစ်ခဲ့လို့ ခံစားရတဲ့နောင်တ - စတာတွေကို နေ့စဉ်ဘဝ လှုပ်ရှားမှုတွေ၊ လက်ရှိအဖြစ်အပျက်တွေနဲ့ ဘဝရဲ့အမောတွေကိုပါထည့်ပြီး ယှက်နွယ်ရက်ဖောက်ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။ သွေးထွက်အောင်မှန်တဲ့ အမှန်တရားတွေကို တစ်ခါတစ်လေမှာ ဖတ်ရင်းနဲ့ အသံထွက် ရီမိသွားစေတတ်တယ်။“လူတွေဟာ သာမန်အားဖြင့် သူတို့ရဲ့ နာကျင်စရာအတိတ်တွေကို စိတ်ရဲ့အတွင်းကျကျတစ်နေရာမှာ ကျင်းနက်နက်တူးပြီး မြှုပ်နှံပစ်လေ့ရှိတတ်ကြတယ်။ ဘယ်သူမှ မမြင်နိုင်ဘူး ထင်လို့ပေါ့။ ဒါပေမယ့် အံ့ဩစရာက သူတို့ဟာ အဲဲဒီကျင်းကို သူတို့ကိုယ်တိုင်ပဲ တစ်ချိန်ချိန်မှာ ပြန်ဖွင့်ကြည့်ကြပြန်တယ်။ ဒါဟာလည်း လောကကြီးရဲ့ မရိုးနိုင်တဲ့ အစဉ်အဆက် ရယ်ရွှင်ဖွယ်ရာပဲ ဖြစ်မယ်။” (စာ - ၃၈)မိသားစုက ပေးတဲ့ဒဏ်ရာတွေက တခြားသူတွေဆီက ရတဲ့ဒဏ်ရာတွေထက် ပိုနက်တယ်။ တချို့ဆိုရင် အပြင်မှာ သွေးမထွက်ပေမယ့် အတွင်းနာနဲ့ ကြိတ်မှိတ်ပြီးခံရတယ်။ နာတာရှည် ခံစားရတတ်တယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတာကလည်း သူတို့ရဲ့ နောက်ခံအကြောင်းအရာတွေ၊ ဘဝနေထိုင်မှုအခြေအနေတွေနဲ့ ပတ်ဝန်းကျင်တွေပေါ်မှာ အများကြီးမူတည်ပြီး ဖြစ်တည်လာရတာဆိုတော့ ကြုံရတဲ့အဖြစ်အပျက်ချင်းတူရင်တောင် တုန့်ပြန်မှုတွေက တူကြမှာမဟုတ်ဘူး။ သူတို့ရရှိခဲ့တဲ့ ဒဏ်ရာတွေ တူချင်တူကြပေမယ့် သူတို့ အဲဒီဒဏ်ရာတွေကို ဘယ်လို ကုစားကြသလဲဆိုတာက ကွဲပြားပြီး စိတ်ဝင်စားစရာ အကြောင်းအရာတွေ ဖြစ်လာရတာပဲ။“အကုသိုလ်တိမ်တိုက်က ဖုန်းမျက်နှာပြင်ကနေ ခုန်ထွက်ပြီး ကျွန်တော့်စိတ်ကို ခုန်အုပ်တယ်။” (စာ - ၈၉)ကျနော်ကတော့ အေးမင်းစောရဲ့ စကားပြေအရေးအသားမှာ မျောသွားတတ်တာ ခဏခဏပဲ။ ဒုက္ခနဲ့ ဒဏ်ရာတွေအကြောင်းကို တင်စားရေးသားတဲ့အခါမှာ လှအောင် glorify လုပ်တာမျိုးမဟုတ်ဘဲ နေ့စဉ်အဖြစ်အပျက်တစ်ခု၊ သူသူငါငါ ကြုံတွေ့ခံစားရတတ်တဲ့ အကြောင်းအရာတစ်ခုကို ဝါကျအရ ဖတ်ရတာ ပသာဒဖြစ်ပြီး စိတ်ခံစားမှုကို ချက်ချင်းထိအောင် ရေးနိုင်တာကို အတော်လေး သဘောကျတယ်။ တချို့စာကြောင်းတွေဆိုရင် တစ်ခါဖတ်တာနဲ့တင် တွေးစရာမလိုပဲ လှပနာကျင်ရတယ်။“ရှောက်ပင်ရဲ့ အခက်အလက်တွေကြားက ဖြာကျနေတဲ့ လရောင်ဟာလည်း ကျွန်တော့်ကိုယ်ပေါ် ကွဲအက်နေတဲ့အစိတ်အပိုင်းတွေအဖြစ် ပစ်တင်ထားသလိုပဲ။” (စာ - ၉၀)အေးမင်းစောရဲ့ ဝတ္ထုတွေက အမြဲလိုလို မိသားစုတွင်းက ပြဿနာနဲ့ ဒဏ်ရာတွေကို ပညာသားပါပါ၊ စကားပြေလှလှနဲ့ ရေးတတ်လို့ ဖတ်ရတာကြိုက်သလို ခဏခဏလည်း နာကျင်ရတယ်။ ဖြစ်ရိုးဖြစ်စဉ်တွေမလို့၊ ရိုးနေတဲ့ကိစ္စတွေမလို့ဆိုပြီး မေ့ထားတတ်တဲ့ ဒဏ်ရာတွေကို စာဖတ်သူ့ရဲ့ အသိစိတ်ထဲကနေ ပြန်နှိုးဆွတတ်တယ်။ အထိနာတတ်တဲ့ အကြောင်းအရာမျိုးဆိုရင်တော့ trigger ဖြစ်စေနိုင်မှာပဲ။ စာရေးဆရာရဲ့ ပညာရပ်တစ်ခုလို့ပဲပြောရမယ်။နောက်ဆုံးတစ်ခေါက် 'ကျောက်သားနံရံ’ ဖတ်တုန်းက တစ်ပတ်လောက် စိတ်ထဲမှာစွဲကျန်ပြီး တနုံ့နုံ့ဖြစ်နေခဲ့တယ်။ ‘ဒြပ်ထု၏အလျား’နဲ့ ‘အဝါရောင်လွင်ပြင်’ကိုလည်း မောလျပင်ပန်းစွာ ဖတ်ခဲ့ရတယ်။ မှတ်မှတ်ရရ အဖြစ်ဆုံးကတော့ ပထမဆုံးဖတ်ခဲ့တဲ့ ‘ဆိပ်ကမ်း’ပဲ။ နောက်တစ်ကြိမ် ပြန်ဖတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး ကျနော့်စာအုပ်စင်ရဲ့ အတွင်းထောင့်လေးမှာ သိမ်းထားတဲ့ စာအုပ်တစ်အုပ်။#SebbyReads #LiteraryFlâneur #AyeMinSaw #MyanmarLiterature #အေးမင်းစော own