Thinn158 reviews12 followersFollowFollowMarch 23, 2022ဒီစာအုပ်ကို ဝယ်တုန်းကခေတ်ကောင်းတုန်းကပေါ့။ စာအုပ်ဝယ်ရင် ဘယ်နေ့ကဝယ်တယ်ဆိုတာ ရေးမှတ်လေ့ရှိတော့ စာအုပ်ဝယ်ထားတာ ၂၀၁၅ ကတည်းက။ အခုမှဖတ်ဖြစ်သွားတာ။ သပိတ်မှောက်ကျောင်းသားရဲ့ပထမပိုင်းက စကားချီးများတယ်။ ကျောင်းသားတွေရဲ့ နေရပ်ကနေကျောင်းကို လာချိန်မိဘတွေနဲ့ခွဲရလို့ ဝမ်းနည်းရတာတွေ၊ ကျောင်းရောက်တော့လည်း ပုံမှန်နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ကျောင်းသားနဲ့ဆရာကြားပြဿနာတွေကို ရေးထားတာတွေ့ရတယ်။ မျိုးချစ်စိတ်ပြင်းထန်တဲ့ကျောင်းသားတွေကတော့ ကျောင်းပြင်ပချိန်တွေမှာ တတ်စွမ်းသမျှ ပတ်ဝန်းကျင်ကို ပြန်အကျိုးပြုနေတာတွေကိုပါ မှတ်သားရတယ်။ ပထမပိုင်းမှာ စိတ်အထိခိုက်ရဆုံးကတော့ ကျောင်းသူကိုအရက်မူးအောင်တိုက်ပြီး အဓမ္မကျင့်တာပဲ။ အဲ့အကြောင်းဖတ်ပြီးတော့ ၂ ရက်လောက် စာအုပ်ကို ဆက်မဖတ်နိုင်အောင် ဖြစ်မိတယ်။ ဆရာဖြစ်တိုင်း နိုင့်ထက်စီးနင်းဆန်တာတွေဖတ်ရတော့ ရွံတယ်။ ဒုတိယပိုင်းမှာ ဖတ်ရတာပိုသွက်လာတယ်။ ကိုနုကျောင်းထုတ်ခံရတာနဲ့ ပတ်သတ်ပြီး သပိတ်မှောက်ဖို့အကြောင်းဖန်လာတယ်။ ကိုနုအရင်ကထုတ်ခံရတဲ့ကျောင်းသားတွေလည်းရှိပါတယ်။ ဘာလို့ကျောင်းထုတ်လိုက်တာလဲဆိုတော့ Roll call ခေါ်တာကို ပြန်ဖြေတော့ Sir ထည့်မဖြေလို့တဲ့။ ဘယ်လောက်တောင် နိုင့်ထက်စီးနင်းဖြစ်တဲ့ အုပ်ချုပ်ရေးယန္တယားဆိုတာ တွေ့ရတယ်။ သပိတ်မှောက်တာတွေကို ဖတ်ရတော့ အားရလိုက်တာ။ အဲ့ဒီခေတ်က မိန်းမတွေကလည်း စွမ်းစွမ်းတမံပါဝင်တယ်။ ရွှေတဂုံရင်ပြင်မှာ ဖြစ်သလိုအိပ်၊ ဖြစ်သလိုစားပြီး လိုချင်တာကို ရအောင်ယူမဲ့ စိတ်နဲ့နေကြတာကို ဖတ်ပြီး ဝမ်းနည်း၊ဝမ်းသာဖြစ်မိတယ်။ ကျောင်းသား၊ ကျောင်းသူအချင်းချင်းကြားထဲမှာလည်း မောင်နှမလိုဆက်ဆံဖို့ ကတိထားကြတယ်။ အဓိကဇာတ်ကောင်တွေအကြောင်းဖတ်ရင်း သူတို့လှုပ်ရှားမှုတွေနဲ့ ကိုယ်တွေပါမျောမျောပါသွားရတယ်။ ကိုသောင်းဖေအကြောင်းဖတ်ရတော့ သနားပိုမိတယ်။ သူ့ခမျာ သပိတ်ကိုလာပေါင်းပေမဲ့ သူ့လိပ်ပြာသူမလုံတာနဲ့ပဲ စိတ်ဒုက္ခပင်လယ်ဝေရရှာတယ်။ သူ့ညီမသောင်းရီလေးလည်း သူ့အကိုကြောင့် သပိတ်မှာ ပြည့်ပြည့်ဝတ မပါဝင်နိုင်ခဲ့ရှာဘူး။ ထားမြင့်ကိုတော့ အရမ်းထက်တဲ့မိန်းကလေးလို့ ပထမပိုင်းကမထင်ရပေမဲ့ သူ့ဇာတ်ကောင်ကနောက်ပိုင်းပိုကြွလာတယ်။ ကိုညိုထွန်းကို မေတ္တာသက်ဝင်ပေမဲ့ သပိတ်အတွင်းသူ့ခံစားချက်က်ို မြိုသိပ်နေနိုင်တယ်။ ဘနားဂျီနဲ့ကိုမြနဲ့ကိုတော့ အမြင်ကပ်တယ်။ သူတို့ကြောင့် သပိတ်လှန်လိုက်ရတာ။ အထူးသဖြင့် ဘနားဂျီကို အမြင်ကပ်တယ်။ သပိတ်အစပိုင်းမှာ ရှေ့ထွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အစိုးရမင်းများနဲ့ပေါင်းပြီး ရိုက်စားလုပ်ချင်တယ်။ ဒီထဲမှာ အသနားဆုံးကတော့ ကိုညိုထွန်းပဲ။ စာအုပ်ဖတ်ပြီး ကိုညိုထွန်းအကြောင်းစဉ်းစားရတာ အိပ်တောင်မပျော်ဘူး။ ဇာတ်ကို တခြားဘယ်လို သိမ်းလို့ရမလဲတောင် ထိုင်စဉ်းစားနေမိတဲ့အထိပဲ။ တကယ်တော့ ဆရာသိန်းဖေမြင့်က သူ့ကိုယ်သူ ကိုညိုထွန်းနေရာမှာထားရေးတာလားမသိဘူးရယ်။ ဒီစာအုပ်ကို ဖတ်ရချိန်မှာ ဪ ငါတို့တော်လှန်ရေးနဲ့ဒီနေရာမှာလည်းတူရဲ့၊ ဟိုနေရာမှာလည်း တူရဲ့နဲ့ စဉ်းစားနေမိတယ်။ အထူးသဖြင့်ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အထက်တန်းကျောင်းသားကို စက်ဘီးနဲ့တက်နင်းတဲ့အခန်းရယ်၊ ဖမ်းပြီး ခန်ဝံထိုးပြီး ပြန်လွှတ်တဲ့အခန်းရယ်ပေါ့။ ပြီးတော့ သပိတ်စုရုံးတာတွေရောပေါ့။ ဒီစာအုပ်ရေးတုန်းက မြန်မာတွေက ရုရှားကိုအတော်သဘောကျပုံပေါ်တယ်။ ပေးတဲ့ဥပမာတော်တော်များများက ရုရှားနဲ့ယှဉ်ယှဉ်ပြီးရေးတယ်။ ကွန်မြူနစ်တွေလားမသိဘူးလို့တောင် စဉ်းစားမိတယ်။ သပိတ်လှန်တဲ့အခန်းရောက်တော့ ကိုယ့်မှာ သူတို့နဲ့ရောယောင်ပြီး အသက်ရှူတွေပါကြပ်ရတယ်။ စာအုပ်ထဲမှာလည်း ကြိတ်မနိုင်ခဲမရဖြစ်လို့ ငိုသူငို၊ မူးလဲသူမူးလဲနဲ့။ သပိတ်က စုစုပေါင်း ၃ လနီးပါးတော့ကြာလိုက်ပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့အမှာစာထဲမှာပါတာတော့ သခင်အောင်ဆန်းလည်း သပိတ်လှန်တဲ့အထဲမှာ ပါတယ်မောင်ရေ။ ဖတ်ရတာတော့ တ’ဝ’ကြီးပဲ။ ဖတ်ရင်းနဲ့ကျောင်းသားနဲ့အလုပ်သမားတွေဟာ ခေတ်အဆက်ဆက်သမိုင်းမရိုင်းခဲ့ဘူးဆိုတာတွေ့ရတယ်။ ၁၉၃၇ ကရေးထားတဲ့စာအုပ်ဆိုတော့ တချို့အမြင်မတူတာတွေရှိပေမဲ့ ခေတ်မှမတူတာဆိုပြီး ဖြေသိမ့်လိုက်ပါတယ်။ အောက်ကတော့ ထုံးစံအတိုင်း ကိုယ်ကြိုက်လို့မှတ်ထားတဲ့ စာအုပ်ထဲက စာသားတချို့ပါ။ ‘ကျုပ်တို့တိုင်းပြည်မှာ လူတယောက်ရဲ့ပညာသင်ကြားရေးအတွက် တစ်နှစ်ကို အစိုးရက တစ်ကျပ်သာသုံးတယ်။ ဘိလပ်မှာ ၂၃ ကျပ်၊ ဂျပန်မှာ ၁၁ ကျပ်၊ ကနေဒါမှာ ၄၈ ကျပ်၊ အမေရိကန်မှာ ၆၃ ကျပ်၊ ရုရှားမှာ ၁၅၈ ကျပ်သုံးတယ်။’ ‘လူကြီးတိုင်းဟာ လူရှော်ချည်းပဲ။ တိုင်းပြည်အတွက် ဘယ်သူမှမစွန့်စားကြပါဘူး’‘သပိတ်မှောက်ရတာဟာ တိုးတက်ရေးလမ်းကို တန်းဝင်မိတာပဲလို့ ယူဆရမယ်။ သပိတ်မှောက်တာဟာ နိုးကြားတာကိုလည်း ပြတယ်။ နိုးကြားလေ သပိတ်မှောက်လေပဲ။’ This entire review has been hidden because of spoilers.