Jump to ratings and reviews
Rate this book

အိပ်နေရင်ည နိုးနေရင်နေ့

Rate this book
အားလုံးကို သွားလိုရာသို့ နေ့နေ့ညည မညည်းမညူ လိုက်ပို့ပေးတတ်သောကြောင့် ခေါင်းတွဲအဖြစ် နာမည်တွင်လာသော မောင်လင်းလင်း၊ လစဉ်ရသည့်လခ ပိုလျှံသည့်အပြင် မောင်များကလည်း ထောက်ပံ့သဖြင့် ငွေတိုးပေးစားရင်း အဆင်ပြေနေသူူ အပျိုကြီး မမကြင်၊ သမီးငယ်လေး ပြန်လာပြီး ဖေဖေဟူသော ခေါ်သံကို မကြာခဏ အိပ်မက်မက်တတ်သော ကိုထွေး၊ ယောက်ျားဖြစ်သူကို ချစ်သည်မှလွဲ၍ အိမ်ထောင်မှု လုံးဝနိုင်နင်းခြင်းမရှိသော်လည်း သီချင်းဆိုကောင်း၍ မြန်မာ့အသံတွင် ဓာတ်ပြားရထားသူ ချိုချိုအေး၊ ဘယ်လိုအခက်အခဲကြုံကြုံ စိတ်ညစ်စရာကို ကြာရှည် ထွေးပိုက်မထားတတ်သော ဦးအောင်၊ တစ်ဦးတည်းသောသားလေး၏ မျက်စိရောဂါအတွက် အစိုးရိမ်ကြီးနေရရှာသူ ဂန္ဒီ၊ ဘဝပေးအခြေအနေအရ ဂစ်တာတစ်လက်ဖြင့် ခရစ္စယာန်အိမ်များတွင် ဘုရားပေးသည့်အသံဖြင့် ဘုရားလိုက်ရှိခိုးပေးသူ ဖိုးကျော်၊ ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံရချိန်တွင် သမီးငယ်လေးတစ်ယောက်သာ အဖတ်တင်ခဲ့ရသူ အယ်နီတာ၊ ကလေး တစ်ယောက် မွေးတိုင်း တစ်ခါငိုတတ်သူ မညိုစိမ့်၊ ရသည့်လခနှှင့် မလောက်ငသဖြင့် သားအကြီးဆုံးကို ကျောင်းထွက်ခိုင်းရသူ ကိုကံဦး အစရှိသည့် ဇာတ်ကောင်များဖြင့် ရေးဖွဲ့ထားကာ စက္ကုအာရုံ ရာသက်ပန်ဆုံးရှုံးထားရသော လူတစ်စု လယ်ကွင်းသာသာ မြို့သစ်ထဲသို့ ပြောင်းရွှေ့အခြေချနေထိုင်ရပုံကို ရင်နင့်ဖွယ်ရာ ရေးဖွ့ဲထားသော နုနုရည်အင်းဝ၏ ထင်ရှားသော လက်ရာမွန် ဘဝသရုပ်ဖော်ဝတ္ထုဖြစ်သည်။

210 pages, Paperback

1 person is currently reading
38 people want to read

About the author

မြန်မာမင်းနေပြည်တော်ဟောင်း မြို့တစ်မြို့ဖြစ်သော အင်းဝမြို့တွင် ဦးဘမော်၊ ဒေါ်တင်ရွှေတို့မှ ၁၉၅၇ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ၄ ဦးရှိသည့်အနက် သမီးဦးဖြစ်သည်။ ယခုအခါ နုနုရည် (အင်းဝ) သည် သရုပ်မှန်စာပေ၊ ပြည်သူ့အကျိုးပြု စာပေများရေးသားရင်းဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုး လက်ထောက်ကထိက၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့်အတူ အမှတ် ၄ ပထမထပ်၊ အခန်း ၅ တက္ကသိုလ်ဆရာများ ရိပ်သာသစ် လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

ပညာရေး

အင်းဝမြို့ ကျုံးထိပ်ရပ် အစိုးရမူလတန်းကျောင်းတွင် ပညာစတင် သင်ယူခဲ့ပြီး တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ (သင်္ချာ) ကို ၁၉၇၉ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၃ မှ ၈၅ အထိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဒီပလိုမာသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

စာပေခရီး

၁၉၈၄ ခုနှစ် မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ထဘီလေးတစ်ထည် ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်လာသည်။ ယင်းဝတ္ထုတိုကိုလည်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးသားရာတွင် စာပေသည် ခေတ်ကြေးမုံပြင် သရုပ်မှန်ဟူသော အယူအဆကို လက်ခံယုံကြည်စွာဖြင့် အကျိုးပြု ရေးသားလျက်ရှိသည်။ ဝတ္ထုတိုများစွာ၊ ဝတ္ထုရှည် ၁၂ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

ဆုများ

၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမဆုံး ဆုချီးမြှင့်သည့် The Man Asia Literary Prize စာပေဆု ပထမဆင့် ဆန်ကာတင် ရွေးချယ်စာရင်းကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကြေညာရာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်စသော အာရှနိုင်ငံများမှ စာရေးဆရာ ၂၃ ဦးအနက် မြန်မာစာရေးဆရာမ နုနုရည်အင်းဝ လည်းပါဝင်ခဲ့သည်။

စာပေလက်ရာများ

၁။ ကာလာရောင်စုံ အမြန် (၁၉၉၀)
၂။ ကြောင်ညိုပါးရယ် စားတတ်လှတယ်နှင့် အခြားဝတ္ထုတိုများ
၃။ ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ (၁၉၈၈)
၄။ တချို့အဆင်းလှ၊ တချို့အဆင်းမလှ (၁၉၈၆)
၅။ ဒိုးကြေးနှင့် အခြားဝတ္ထုတိုများ (၁၉၉၁)
၆။ ၂၈ နှစ်ရှိပြီဖြစ်တဲ့ မိန်းမတယောက် (၁၉၉၀)
၇။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ (၁၉၉၄)
၈။ ဖိုးရွှေလ မဂ္ဂဇင်း ဝတ္ထုရှည်များ (၁၉၉၃)
၉။ ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့ (၁၉၈၆)
၁၀။ မရဲတရဲ ဘာဝယ်မလဲရှင်
မင်းသားသုံးသိန်း၊ မင်းသမီးတစ်သိန်း လူကြမ်းတရာ (၁၉၉၂)
၁၁။ မြစိမ်းပြာ ကမာရွတ် (ပ၊ ဒု၊ တ) (၁၉၉၃)
၁၂။ လဝန်းစက်ဝိုင်း ထက်ပိုင်းဖြတ်ကြွေ (၁၉၉၁)
၁၃။ လက်ရွေးစင် မြန်မာဝတ္ထုတိုများ ပေါင်းချုပ် (၁၉၉၆)
၁၄။ သောက်တော့ ဒူးယား၊ ဝတ်တော့ မလေးရှား နေတော့ ချုံကြား (၂၀၀၀)
၁၅။ အနီလား အဝါလား အစိမ်းလား (၁၉၈၉)
၁၆။ အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား (၁၉၈၈)
၁၇။ အိပ်နေရင်ည နိုးနေရင်နေ့ (၁၉၉ဝ)
၁၈။ အို ကိုဖိုးမြနှင့် မစ္စတာ စမစ် မင်္ဂလာပါရှင် (၂၀၀၁)

ကိုးကား။ ။
နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း၊ ပညာရွှေတောင် စာအုပ်တိုက်

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
8 (42%)
4 stars
6 (31%)
3 stars
4 (21%)
2 stars
0 (0%)
1 star
1 (5%)
Displaying 1 of 1 review
Profile Image for Thinn.
158 reviews12 followers
February 5, 2022
ဇာတ်လမ်းအစက ဂန္ဒီနဲ့ ဦးအောင် အကြောင်းပဲလို့ ထင်တာ ဘယ်ဟုတ်မလဲ ဇာတ်ကောင်တွေကို အများကြီးပဲ။ ဖတ်ရင်းနဲ့ သနားလည်း သနားရ၊သတ္တိရှိလိုက် ကြတာဆိုပြီး အားလည်းတက်ရတယ်။ ဂန္ဒီက ဆံပင်တွေကောက်ပြီး ဦးမောင်နဲ့ချိန်းတွေ့တဲ့အခန်းဖတ်ရတော့လည်း ပြုံးမိတယ်။ ဦးအောင်လည်း သူ့လိုမျက်မမြင်ပေမဲ့ ဂန္ဒီက သူချစ်ရတဲ့ သူရှေ့မှာတော့ အလှဆုံးဖြစ်ချင်ခဲ့တယ်။
ဂန္ဒီတို့အတွဲပြီးတော့ ဖိုးကျော်တို့အတွဲအကြောင်းဖတ်ရတော့လည်း ပျော်လည်းပျော်ရသလို ရင်လည်းမောရတယ်။ သင်္ကြန်မှာ ကြေကွဲခဲ့ရတဲ့ ဖိုးကျော်တယောက် ခရစ္စမတ်မှာတော့ အယ်နီနဲ့ တွေ့ပြီး ကံကောင်းခဲ့ရတယ်။ အမယ် ဖိုးကျော်အသံက ကိုင်ဇာနဲ့အတော် ဆင်ဆိုပဲ။ ခရစ်ယာန်အိမ်တွေကို ကျေးဇူးတော်လိုက်ချီးမွမ်းပြီး အသက်မွေး ဝမ်းကြောင်းပြုနေတဲ့ ဖိုးကျော်တို့ လင်မယားရှေ့မှာ ခေါင်းတွဲနဲ့ကို တွဲပြီး မြင်ယောင်ကြည့်မိတယ်။
မချိုနဲ့ကိုထွေးအကြောင်းဖတ်ရတော့လည်း သနားရတယ်။ မချိုကို နားလည်ပေးလို့ရသလို၊ ကိုထွေးကိုလည်း နားလည်ပေးလို့ရတယ်။ သီရိကျော်မင်းလေးကို ရောပေါ့။ ကလေးဆိုတော့ နားမလည်တာလည်း ပါပါတယ်။ မချိုရဲ့ မမကြီးကလည်း သီရိကျော်မင်းကို သူ့ကလေးအရင်းလိုချစ်တာပဲ ဆိုတော့ အကုန်လုံးကို ပတ်ပြီးနားလည်ပေးလို့ ရပါတယ်။ မချိုက ဓာတ်ပြားထုတ်ရအောင်တောင် အသံကောင်းတယ်ဆိုပဲ။ သီချင်းတောင် အသံမှန်အောင်မဆိုတတ်တော့ အားကျရတာတော့အမှန်ပဲ။
အပျိုကြီး မမကြင်အကြောင်းဖတ်ရတော့လည်း အိမ်ထောင်ရှင်တွေကြား အပျိုကြီးရဲ့ စေတနာတွေကို မြင်ရတယ်။ အပျိုကြီးရဲ့ အင်္ကျီတွေကို တခါထဲမှတ်ပြီး အပေါ်အောက်မလွဲအောင် ဝတ်နိုင်ရဲ့ စကေးကလည်း လေးစားစရာ။
ကိုကံဦးကြီး မညိုစိမ့်ကို မရရအောင်ပိုးတာဖတ်ရတာလည်း ဂေါ်ချက်ပဲ။ ‘ဘဝတူချင်းပဲ စဉ်းစားပါ မညိုစိမ့်ရယ်၊ မတူတဲ့ ဘဝချင်းဆိုတာ ဘယ်တော့မှ ပေါင်းလို့ မရပါဘူး။ မျက်စိမြင်တဲ့သူတွေကို ယုံလို့မရဘူးဆိုတာ မညိုစိမ့်လည်း သိပါတယ်ဆိုတဲ့ ကိုကံဦးရဲ့ စကားလုံးတွေနဲ့ ကိုကံဦးနောက်ပါလာတော့တာပဲ’ တဲ့။
ကိုကံဦးတို့ ကံကောင်းတာက သူတို့ သားသမီး ၃ ယောက်လုံးက မျက်စိမြင်ကြသလို မိဘအပေါ်လည်း သိတတ်တယ်။ ခေါင်းတွဲလေးဆို အားလုံးရဲ့ လက်စွဲတော်ပဲ။ ကလေးလေးက စိတ်ထားလည်း ကောင်းတယ်၊ အရမ်းလည်းသိတတ်တယ်။ တကယ်တော့ ဒီစာအုပ်မှာ ခေါင်းတွဲက ဇာတ်လိုက်ပဲ။ ခေါင်းတွဲလေးကို အမြန်နေကောင်းစေချင်လိုက်တာ။

ဇာတ်လမ်းကို ဖတ်နေရင်းနဲ့ ဘဝတွေက ကြမ်းလိုက်တာလို့တွေးရင်း ခဏ၊ခဏ သက်ပြင်းချရတယ်။ မိုးရာသီမှာ ဒုက္ခရောက်လိုက်ကြရတာ။ သူတို့တွေ မိုးရေထဲမှာ ချော်လဲတာတွေကို မြင်ယောင်မိရင်တောင် စိတ်မသက်သာဘူးရယ်။ လက်သမားတွေကလည်း မျက်စိမမြင်တဲ့လူအပေါ်ခေါင်းပုံ ဖြတ်စရာလားဆိုပြီး ဒေါသလဲထွက်ရသေးတယ်။ ဒါပေမဲ့ ပစ္စည်းလာခိုးတဲ့ သူခိုးအိုကြီးကိုတော့ သနားရပြန်တယ်။

ဒီစာကြောင်းကတော့ ဒီစာအုပ်မှာ အမှတ်ရဆုံး စာကြောင်းပဲ။ ‘အမေ ပြုံးတယ်ဆိုတာ ဘာလဲ၊ အပြုံးဆိုတာ ဘာလဲလို့ ကျွန်မမေးတော့ အမေက ရုတ်တရက် မဖြေဘူး၊ ပြီးတော့မှ ပြုံးတယ်ဆိုတာ ရယ်တာပေါ့သမီးရယ်တဲ့၊ ဒါပေမဲ့ အသံထွက်အောင် ရယ်တာမဟုတ်ဘူးတဲ့’

ဒီစာအုပ်ဖတ်ရတာ တကယ့်ကိုရသမျိုးစုံခံစားရတယ်။
This entire review has been hidden because of spoilers.
Displaying 1 of 1 review

Can't find what you're looking for?

Get help and learn more about the design.