ထုံးဖြူစေတီများဆီ ခြတောင်ပို့များယူဆောင်သွားခြင်း
၁။ဘောက်ထော်မှာ ဗေဒင်ဆရာတစ်ယောက်ရှိတယ်။
တစ်နေ့ကျရေထဲမှာ ကျောက်တုံးတွေပေါ်လာလိမ့်မယ်လို့ သူဟောတယ်။ အမှန်က ဒီရေကိုဖောက်ထွင်းပြီး ငါတို့ကကြည့်တတ်ရမှာလို့ ကွယ်လွန်သူဂျွန်အက်ရှ်ဘရီကရေးခဲ့တယ်။ သာလိကာတွေကတော့ သူများကသင်ပေးလို့သာ လိုက်ပြောရတယ်။ တကယ်က စာမတတ်ကြဘူး။ အပေါ်ကိုထိုးထောင်တက်သွားတဲ့ ရေတံခွန်ဟာအောက်ကိုငုံ့မကြည့်တော့ဘူး။ ယူနန်ပြည်နယ်ကတက်လာတဲ့အုပ်စုကဆိပ်ကမ်းသာလမ်းထိပ်မှာ ထမင်းကြော်ထွက်စားတယ်။ လမ်းမီးတိုင်အောက်ကအရိပ်တွေ တိုဝင်သွားကြတယ်။ ဒါကို ယုံကြည်ဖို့ခက်တယ်။ဒါကိုငါ ခက်ခက်ခဲခဲယုံကြည်တယ်။ မျက်နှာဖုံးက မင်းတို့ကိုပြန်ချွတ်သွားပြီလို့ ဇေယျာလင်းက သူမကွယ်လွန်ခင်မှာ ရေးခဲ့တယ်။
၂။လောကုတ္တရာရဲ့အမှားတွေဟာ လောကီထဲကိုရောက်တော့ ခြတောင်ပို့တွေဖြစ်သွားကြတယ်။ အဲဒီခြတောင်ပို့တွေကို အမွေးတိုင်ထွန်းပြီး ငါပူဇော်လိုက်တယ်။ရပ်ကွက်ဈေးထဲမှာတော့ ကိုယ်ကိုယ့်ကိုယ်သတ်သေတဲ့နှုန်းက မြင့်တက်လာနေတယ်။ ငါ့ရဲ့ခြံစည်းရိုးပေါ်ကခရုဟာ အမြဲလိုလို အိပ်ရာထနောက်ကျတယ်။သူ့ကိုမပုကြွယ်လို့ ငါနာမည်ပေးထားတယ်။ မပုကြွယ်ဟာ “မျက်လုံး”လို့သူနာမည်ပေးထားတဲ့ ငါ့ရဲ့လက်မောင်းပေါ်ကိုတက်ရတာ ကြိုက်တယ်။သူနဲ့ငါ အိမ်အဝမှာအတူထိုင်ပြီး ခြင်တွေကိုကြည့်ကြတယ်။လောကီရဲ့အမှားတွေဟာ လောကုတ္တရာထဲကိုရောက်တော့ ထုံးဖြူစေတီလေးတွေဖြစ်သွားကြတယ်။ မပုကြွယ်နဲ့ငါခရီးထွက်တော့ တောင်ပေါ်က စေတီဖြူဖြူလေးတွေကို ရေတွက်လာခဲ့ကြတယ်။
၃။အညာဘက်ကနေမြို့ကိုလာလည်တဲ့ အဖိုးလေးတစ်ယောက်ရှိတယ်။ဘယ်သူနဲ့မှ စကားမပြောဘဲ အုန်းပင်ပေါ်တက်ပြီးတစ်နေကုန်ထိုင်နေတယ်။ သူ့ရဲ့ဂွေးက ခါးတောင်းကျိုက်ရဲ့အပြင်ကို ထွက်ကျနေတယ်။အုန်းပင်ပေါ်မှာ ၆ ရက်ပြည့်အောင်ထိုင်ပြီး အညာကိုသူပြန်သွားတယ်။ရပ်ကွက်ထဲမှာတော့ ရုက္ခစိုးကြီးဆိုပြီးသော်လည်းကောင်း၊ လပျော့ကြီးဆိုပြီးသော်လည်းကောင်း နာမည်တွင်ပြီးကျန်ရစ်တယ်။ သာလိကာဘယ်သူလဲ၊ ဗေဒင်ဆရာဘယ်သူလဲ၊ လပျော့ကြီးကဘယ်သူလဲဆိုပြီးလူတွေကမေးတယ်။ လူတွေဟာ အဖြေတွေကိုပဲ ထပ်ခါလဲလဲမေးကြတယ်။တကယ်ဆိုဒါက “ငါတို့တိုင်းပြည်အတွက် ဘာများလုပ်ပေးနိုင်မလဲဟေ့”လို့မနက်စောစောမှာကျတဲ့ နှင်းရည်ကြည်ပေါက်တွေကို သွားမေးနေတာမျိုးပဲ။
မောင်ဒေး
Published on December 10, 2014 01:40
No comments have been added yet.
မောင်ဒေး's Blog
- မောင်ဒေး's profile
- 9 followers
မောင်ဒေး isn't a Goodreads Author
(yet),
but they
do have a blog,
so here are some recent posts imported from
their feed.

